ညောင်တုန်း စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ ကာလအတွင်း CERP အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်က အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှက CERP အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ရသည့် အကြောင်းနှင့် ထောက်ပံ့ငွေများအား ပြန်လည်ထောက်ပံ့ပေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များ အတိုင်း ရပ်/ကျေးအုပ်ချုပ်ရေး မှူးများမှ ပြန်လည် ထောက်ပံ့ပေးရန်အကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းသူရိန်၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှနှင့် တာဝန်ရှိသူများက မသန်စွမ်းထောက်ပံ့မှုစာရင်းအရ ရပ်ကွက်/ကျေးရွာ ၃၀ အုပ်စုရှိ မသန်စွမ်းသူ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းသူ ၄၀၅ ဦးတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁၂၁၅၀၀၀၀ ကျပ်ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး များအား ပေးအပ်ခဲ့သည်။
အဆိုပါ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မှတဆင့် ပြန်လည် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)