သံတောင်ကြီး မေ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ် စစ်ကို သာထုတ်လုပ်ရောင်းချသည့်အတွက် ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့် နေရာများမှ အမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကိုတွေ့ရှိရပြီး ၎င်းပျားအုံများ ကို နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိပျားစွဲသည့် နေရာများသို့ သွားရောက်ကာ ပျားဖွတ်လေ့ရှိကြောင်းသိရသည်။
အဆိုပါ သံတောင်ကြီးဒေသတွင် ပျားရည်များကို ယခင်နှစ်ထက်ဈေးကောင်းရရှိပြီး တစ်ပုလင်း လျှင်ကျပ်(၆၀၀၀) မှ ကျပ်(၇၀၀၀) အထိရရှိကြောင်း သဘာဝပျားရည် အရောင်းအဝယ် လုပ်ကိုင် နေသူ သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်နော်မာမာချိုထံမှ သိရသည်။
နော်နော်မူ