လေပြင်းတိုက်ခတ်မှုကြောင့် မြန်အောင်မြို့နယ်အတွင်း လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း အမိုးလန်ပြိုကျမှု ဖြစ်ပွား

မြန်အောင် မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သရက်တောကျေးရွာ အုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ရေလဲကျေးရွာနှင့် မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေး ရွာတို့တွင် ယနေ့ နံနက်  (၇) နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း အမိုးလန်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြန်အောင်မြို့နယ် သရက်တောကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ သုဓမ္မဝတီကျောင်းတိုက်အတွင်း သရက်ပင်ပြိုလဲသဖြင့် အလျား ၂၁ ပေ၊ အနံ ၁၆ ပေ နှင့် အမြင့် ၂၀ ပေရှိ သစ်သားအုတ်ညှပ် ကျောင်းဆောင် ပြိုလဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်ပြိုလဲမှုကြောင့် ခန်းနေကိုယ်တော် ဥူးပညာဒီပ (သက်တော် ၄၇ နှစ်၊ ဝါတော် ၄ ဝါ)သည် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး စိုးရိမ်ရသဖြင့် ကနောင်တိုက်နယ်ဆေးရုံသို့ အုပ်ချုပ်ရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အလှူငွေ(၅၀,၀၀၀)ကျပ် ကနဦး ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သရက်တောကျေးရွာအုပ်စု၊ ရေလဲကျေးရွာတွင် လူနေအိမ်တစ်လုံး ပြိုကျပြီး မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာတွင် လူနေအိမ်တစ်လုံး အမိုးလန်ခဲ့ကြောင်းနှင့် လေဘေးသင့်လူဦးရေ ကျား ၆ ဦး၊ မ ၄ ဦး စုစုပေါင်း ၁၀ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရ သည်။

ဝင်းဗိုလ် မြန်အောင်