တနင်္သာရီ မေ ၃
၂၀၂၂ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနက ဧပြီလ(၃၀)ရက်မှစ၍ မေလ(၂)ရက်နေ့အထိ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။
တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်က ဦးဆောင်ကြီးကြပ်လျက် ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မြဝတ်ဆင်စေတီ တော်ရင်ပြင်နှင့်စေတီတော်အား မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေပန်းဖြင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ မေလ ၁ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ဆရာတော်သံဃာတော်(၅)ပါးအား ပင့်ဖိတ်၍ သီလဆောက်တည်ခြင်း၊ ဆွမ်းနှင့်ဒါ တဗ္ဗဝတ္ထုပစ္စည်းများလှူဒါန်းခြင်းနှင့် (၇၆)နှစ်မြောက်၊ မီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် မေလ၂ရက်နေ့ မွန်းလွှဲပိုင်းတွင် တနင်္သာရီမြို့၏ အထင်ကရ တစ်ခုဖြစ်သည့် ရှင်မအောင်သာ ကျောက်တိုင်နတ်နန်းအတွင်း မီးသတ်ရေသယ်ယာဉ်ဖြင့်ဆေးကြော သန့်ရှင်းခြင်း၊ အမှိုက် သရိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်ကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း