မြိတ်၊ စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်မြို့သို့ Stay at Home အကျုံး ဝင်မြို့နယ်များမှ လေယာဉ်ခရီးစဉ်နှင့် မော်တော်ယာဉ်များဖြင့် လာရောက်သည့်ခရီးသွားများ မိမိအစီအစဉ်ဖြင့် Quarantine (၁၄) ရက် ဝင်ရမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာ(၂) ကြိမ် ရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အချို့တွင် ကူးစက်မှုများများပြားလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်သည့် မြို့နယ်များ များပြားလာခဲ့ရာ မြိတ်မြို့တွင် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်တင်ဘာလ(၂) ရက် ညနေ (၄) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းဆွေးဆွေးနွေးခဲ့ကြသည်။
Stay at Home အကျုံးဝင်မြို့နယ်များမှ လာရောက်ကြမည့်ခရီးသွားများ လာရောက်ပါက သက်ဆိုင်ရာလေကြောင်းလိုင်း၊ မော် တော်ယာဉ်လိုင်းများမှ Quarantine စခန်းများသို့ ပို့ဆောင်ပေးရန်၊ ခရီးသွားများမှ နေထိုင်ခဲ့သည့် မြို့နယ်အလိုက် ထောက်ခံစာ ယူဆောင်လာကြရန်၊ မိမိအစီအစဉ်ဖြင့် Quarantine (၁၄) ရက်ဝင်ရန်နှင့် ဓာတ်ခွဲနမူနာ (၂) ကြိမ် ရယူစစ်ဆေးရန်၊ Quarantine စခန်းတွင်နေထိုင်စဉ် မိမိအစီအစဉ်ဖြင့် စားစရိတ်တစ်ရက် (၃၄၀၀) ကျပ်ကျခံရန်၊ ဓာတ်ခွဲအဖြေထွက်ပြီး ရောဂါပိုးမတွေ့ရှိမှ Home Quarantine (၇) ရက်နေထိုင်ရန်၊ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအတည်ပြုပြီးမှ ဆက်လက်ထွက်ခွာခွင့်ပြုရန်၊ နေရပ်ပြန်ရွေ့ပြောင်းလုပ်သားများ မိမိအစီအစဉ်ဖြင့် စားစရိတ်တစ်ရက် (၃၄၀၀) ကျပ်ကျခံရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ချက်များကို စက်တင်ဘာလ (၅) ရက်နေ့တွင် စတင်ဆောင်ရွက်မည်ကာ Stay at Home အကျုံးဝင်မြို့နယ်များမှ လာရောက်ကြမည့် ခရီးသွားများအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ Quarantine စခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည်။ ထို့အတူ နေရပ်ပြန် ရွေ့ပြောင်းလုပ်သားများကို Quarantine စခန်းများ၌ (၂၁) ရက် ဆက်လက်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)