ဘားအံ မေ ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများ၏ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အခြေခံပညာ ကျောင်းများ ပိတ်ထားသည့်အတွက် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးသူငယ်များမှ မိမိ အတွက်အသုံးဝင်သည့်ပညာရပ်များကို တက်ရောက်လေ့လာ သင်ယူကြသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ သက်မွေးပညာရပ်များကို သင်ယူပြီး တတ်မြောက်သွားသည့်ပညာရပ်များဖြင့် မိမိတို့၏လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချနိုင်ခြင်းအားဖြင့် ပိုမိုကောင်း မွန်သည့်ဝင်ငွေနှင့် လူမှုစီးပွားဘဝများကို ယခုထက် ပိုမိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်လူနေမှုအဆင့် အတန်းမြင့်တက်လာသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချ ၍ လုပ်ငန်းများပြန်လည်လုပ်ကိုင်ကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း များအတွက် သင်ထောက်ကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများ က လက်ခံရယူခဲ့ကြပြီး အမှတ် တရစုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၄၀) ဦး၊ အခြေခံ စက်ချုပ် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ ( ၂၀ ) ဦး တက်ရောက်လျက်ရှိပြီး မေလ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းဖွင့်ပွဲအပြီးတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ် သင်တန်းများ၏ သင်ကြားပို့ချပေးနေမှု အခြေ အနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်း နှင့် အထက(၄)ကျောင်းလမ်း(မြို့ပတ်လမ်း)တို့ကို ချိတ်ဆက်၍ ငါးမွေးကန်အနီး အရှည် ၁၃၄၇ ပေ၊ အကျယ် ပေ(၅၀)ရှိ မြေသားလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ အဆိုပါလမ်းကို ၂၄ ပေအကျယ် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဋ္ဌိပထမပြန် စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမျှော် ကြည်ညိုကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဌိပထမပြန်စာမေးပွဲ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ဆရာတော်များအား ဖူးမျှော်ကြည်ညိုကာ စာမေးပွဲကြီးကြပ် ရေးအဖွဲ့ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဓမ္မဝါသီဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တရ ထံမှဩဝါဒကထာခံယူကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဌိပထမပြန်စာမေးပွဲ စာဖြေ ဌာန အတွက် လှူဒါန်းငွေကျပ် ၃၁၅၉၄၀၀ (သုံးဆယ့်တစ်သိန်းငါးသောင်းကိုးထောင်လေးရာ) ကျပ် ကို ဆက်ကပ်လှူဒါန်းရာ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူးဦးဝင်းတင်က လက်ခံရ ယူကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရဓမ္မာစရိယနှင့်ပါဌိပထမပြန်စာမေးပွဲ ဖြေဆိုတော်မူ ကြသော ဆရာတော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)