ကျွန်းစု၊ စက်တင်ဘာ ၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်(Curfew) အား မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာစေရန်ရည်ရွယ်၍ ယမန်နေ့ညအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကရုဏာနာရေးကူညီမှုအသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်း ည (၁၂:၀၀) မှ နံနက် (၀၄:၀၀) နာရီအချိန်ထိ သတ်မှတ်နယ်နမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်(Curfew) အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် မြို့ပေါ်ရပ်ကွက်များ၌ မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်အဖွဲ့အစည်းများ၊ စိုးရိမ်ဖွယ်ရာကျန်းမာရေးကိစ္စဖြင့် သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)