ဗန်းမောက် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး ရွှေပေလွှာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းဆွေက အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲကျောင်းများအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်က အခြေခံပညာ ကျောင်းများ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ အခြားခေါင်း စဉ်အောက်မှ လမ်း၊ ခြံစည်းရိုး၊ ရေကန်အစရှိသည့်ခေါင်းစဉ်ဖြင့် တောင်းခံထားသော သိန်း (၁၀၀) အောက်လုပ်ငန်းများ၊ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုလာပါက လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်သွားကြရန် ပြောကြားခဲသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဗန်းမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အလယ် တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီး (၃၃)ဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းကော်မတီများ တက်ရောက်ကြပြီး အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)