မြဝတီမြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသော သံဃာတော်နှင့်သီလရှင် ဆရာကြီးတို့အား ထပ်ဆင့်ဂုဏ်ပြုခြင်း ဂုဏဝိသိဌပူဇာနှင့် စူဠဘွဲ့နှင်းပူဇာအခမ်းအနား ကျင်းပ

မြဝတီ  မေ  ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ ဟိတ ကာရီဗိမ္မာန်တော်တွင် မြဝတီခရိုင်အတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူခြင်းခံရ တော်မူသော သံဃာတော်(၁)ပါးနှင့် သီလရှင်ဆရာကြီး(၁)ပါးတို့အား ထပ်ဆင့် ဂုဏ်ပြု ပူဇော်ခြင်း ဂုဏဝိသိဌပူဇာ အခမ်းအနားနှင့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာ၊ သီလရှင်တို့အား စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း ပူဇာအခမ်းအနားတို့ကို ယမန်နေ့ မေလ ၁ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူခြင်းခံရတော်မူသော သံဃာတော်(၁) ပါးနှင့် သီလရှင်ဆရာကြီး(၁)ပါးတို့အား ထပ်ဆင့် ဂုဏ်ပြုပူဇော်ခြင်း ဂုဏဝိသိဌပူဇာ အခမ်းအနား ကို နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ နမောတသ(၃)ကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားဖွင့်လှစ်ခြင်းနှင့် ထူးမခြား နားသီးချင်းဖြင့် သီကြူးပူဇော်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာ နန္ဒ ထံမှ ၈ ပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာ တော်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီးတို့၏ ထေရုပ္ပတ္တိကို ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မွန်ကျောင်းဆရာ တော် ဘဒ္ဒန္တ သောဘိတအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးစိုးတင့်မှလည်း ကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အေးမြသိဂီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဥဂ္ဂဝတီအား မြဝတီခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သီတာမှလည်းကောင်း ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်ပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ(၂၇၅) တပ်ဦးကျောင်းတိုက် ဆရာ တော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒဆရာတော်မှ ဂုဏဝိသိဌပူဇာသြဝါဒနှင့် အနုမောဒနာ တရား ချီးမြှင့်ခဲ့ကာ အခမ်းအနား ပြီး မြောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာ၊သီလရှင်(၂၄)ပါးတို့အား စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း ပူဇာအခမ်းအနားကို မွန်းလွဲ ၂ နာရီအချိန်တွင် ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)