ငါးသိုင်းချောင်း မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့၊ နံနက်ပိုင်းက အခြေခံကွန်ပျူတာ(အခမဲ့)သင်တန်း(၁/၂၀၂၂) စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေနှင့် (Club)အဖွဲ့များခေါင်းဆောင် ဦးအောင်စိုးမြင့်တို့က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို မေလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းကာလ ရက်(၂၀)ကြာ အခြေခံကွန်ပျူတာပညာရပ်များကို (အခမဲ့) သင်ကြားပို့ချသွားမည်ဖြစ်ရာ ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဒေသခံလူငယ်သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာနရှိ ကွန်ပျူတာသင်တန်းခန်းမ၌ အခြေခံကွန်ပျူတာ ပညာရပ်များကို သင်တန်းနည်းပြ ဦးကျော်သူစိုး (KMD-Multimedia & Graphic design)၊ ဒေါ်ခင်ခင်ချို(KMD-Multimedia)တို့က (အခမဲ့)ပညာဒါန သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ဒေသခံလူငယ် (၁၅)ဦး စုံညီစွာ တက်ရောက်လေ့လာ သင်ကြားလျက်ရှိကြောင်းသိရှိရပြီး အဆိုပါသင်တန်းဖွင့်ပွဲနှင့် သင်တန်းအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club, Youth Club, Women Club)အဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် ဒေသခံပြည်သူများပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒေသခံလူငယ်များ ကာယ၊ ညာဏ စွမ်းရည်ဖွံဖြိုးတိုးတက်လာစေရန်နှင့် အသိပညာ၊ အတတ်ပညာဗဟုသုတများ အလွယ်တစ်ကူ အဆင်ပြေချောမွေ့စွာ ရှာဖွေ၊ လေ့ကျင့်ဆောင်ရွက်နိုင်စေရန်၊ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်စနစ်နှင့်အညီ မဖြစ်မနေ တတ်မြောက်ထားသင့်သည့် အတတ်ပညာရပ်တစ်ရပ်အနေဖြင့် တတ်မြောက်ထားရှိစေရန် ယခုကဲ့သို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)