တနင်္သာရီ၊ စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ COVID-19 ကာလအတွင်း အွန်လိုင်းအသိပညာပေးလုပ်ငန်းအဖြစ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး Talk Show အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က လူကုန်ကူးခံရတတ်သည့်အားနည်းချက် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး(ကိုယ်စား) မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မြင့်အောင်က လူကုန်းကူးမှုဖြစ်စဉ်သမိုင်းကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ထက်က လူကုန်းမှုဆိုင်ရာသိကောင်းစရာဥပဒေများကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်း ဥက္ကဋ္ဌ ဒေါ်ဖြူပြာရွှေက လူကုန်ကူးမှုနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများနှင့် ကူညီဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)