ဂန့်ဂေါမြို့ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းမှာ ထားရှိသည့် နေရပ်ပြန်များအတွက် အလှူရှင်များ လာရောက် လှူဒါန်း

ဂန့်ဂေါ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် နေရပ်ပြန်(၃၂)ဦးအတွက် စား သောက်ရေး အဆင်ပြေစေရန် ယမန်နေ့မွန်းလွဲပိုင်းအချိန်က အလှူရှင်များလာရောက်လှူဒါန်းကြောင်း ကျွေးမွေးမှုကော်မတီထံမှ သိရသည်။

လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍” အခုလိုအလှူရှင်များလာရောက်လှူဒါန်းတော့ နေရပ်ပြန်များ ကိုယ်စား ဝမ်းသာမိပါတယ်၊ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကာကွယ်ဖို့ ပြည်သူတွေပါဝင် ပူးပေါင်းမှုသည် သာ အဓိကကျပါတယ်၊ နေရပ်ပြန်များက တစ်ရက်ပြီးတစ်ရက် လူဦးရေတိုးလာပါတယ်၊ သူတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ ထားပါတယ်၊ နေရပ်ပြန်များကို ကျွေးမွေးနိုင်ဖို့ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက လာရောက်လှူဒါန်း နေကြပါတယ်” ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ် ပြည်ပပြန်များ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း (FQ) တာဝန်ခံ ဦးဖြိုးဝေမောင်က ပြောသည်။

အဆိုပါ လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်တစ်အိတ်၊ ကြက်ဥ(၂၁၀)လုံးတို့ဖြစ်ပြီး ကျောတိုက် ကွက်သစ်ရပ်နေ ကိုမျိုးမင်းဦး+မခင်မျိုးဌေးမိသားစုမှ လှူဒါန်းသည့်ပစ္စည်းများကို ပါရမီရှင်နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးတင်သောင်းက ကိုယ်စားလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)