ချောက် စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ စည်ပင်သာယာဈေးနှင့်လမ်းမပေါ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများပြင်ပသို့ သွားလာရာ၌ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာစေရန်အတွက် Mask တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဂွေးပင်တိုက်နယ်မှကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဂွေးပင်ကျေးရွာရှိ ပရဟိတအဖွဲ့များနှင့် ယင်းကျေးရွာရှိ တာ၀န်ရှိသူတို့ကပူးပေါင်း၍ လမ်းသွား လမ်းလာပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း (Hand Gel)ဖြင့် လက်ဆေးစေခြင်း၊ Mask နှာခေါင်းစည်း မပါသူများအား Mask များ၀ယ်ယူ၍ တပ်ဆင်ပေးခြင်းနှင့် Mask ပါသော်လည်း စနစ်တကျ လုံခြုံစွာ တပ်ဆင်လာခြင်းမရှိသူများအား Maskများ လုံခြုံစွာတပ်ဆင်စေခြင်းနှင့် နေအိမ်ပြင်ပသို့သွားလာရာ၌ Mask များ စနစ်တကျ တပ်ဆင်သွားလာရန် လိုအပ်ကြောင်းကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့ယ်၊ ဂွေးပင်ကျေးရွာစည်ပင်သာယာရေး ဈေးအတွင်းဈေးရောင်း၊ ဈေး၀ယ်ပြည်သူများ၊ လမ်းမပေါ် တွင် ဖြတ်သန်းသွားလာသောပြည်သူများအားနှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူများကို တစ်ဦးလျှင် Mask (၂)နှုန်းဒဏ်ငွေ (၅၀၀/-)အဖြစ် ခု၀ယ်ခုတပ်စနစ်ကို ဩဂုတ်လ(၂၈) ရက်နေ့ကစ၍နေ့စဉ်ဆောင်ရွက်ခဲ့ရာ စတင် ဆောင်ရွက်ချိန်တွင် တစ်နေ့ကိုဦးရေ(၈၀)၀န်းကျင်ထိရှိခဲ့ရာ ယနေ့တွင်(၂၀)ဦး ၀န်းကျင်လောက်သာ ရှိကြောင်း ဂွေးပင်တိုက်နယ်မှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။
မချို(ပြန်/ဆက်)