သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေ‌ဘေးသင့်နေအိမ်ပြို(၁၁)အိမ်၊ အမိုးအကာလန် (၁၁)အိမ်ထောင်စုတို့အားထောက်ပံ့ရေးပစ္စည်းများပေးအပ်

သာပေါင်း မေ ၁
သာပေါင်းမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာ၊ ကညင်ပင်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာဒါးက ညောင်ကုန်းကျေးရွာ အုပ်စု များတွင် ဧပြီလ ၈/၉ ရက်နေ့များ၌ အားကောင်းသောမုန်တိုင်း၏ မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်ပြိုကျပျက်စီး(၁၁)လုံး၊ နေအိမ်အမိုးလန်(၁၁)လုံး ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် ယမန် နံနက် ၁၀ နာရီအချိန်တွင် ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများကို ပျက်စီးဆုံးရှုံးခံရသူများ၏ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ကြသည်။
ထိုသို့ လေဘေးသင့်ပြည်သူများအား နေအိမ်ပြိုကျပျက်စီး အိမ်ထောင်တစ်စုလျှင် Hygiene Kit(မိသားစုသုံးပစ္စည်းအမျိုး(၂၀)ပါ တစ်ပုံးနှင့်ရေ(၂၀)လီတာဝင်ဆန့် ကော်ပုံးတစ်ပုံး၊နေအိမ် အမိုးလန်ကျပျက်စီး အိမ်ထောင်တစ်စုလျှင် အမိုးအကာအသုံးပြု တာပေါ်လင်စအကြီး တစ်အုပ်တို့ကို နေအိမ်ပြိုကျပျက်စီး(၁၁)လုံး၊ နေအိမ်အမိုးလန်(၁၁)လုံး ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၃)ဦးကျော်တိုး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးကိုနိုင်နှင့်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုး ကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မျိုးဇော်သိန်း(ပြန်/ဆက်)