ငါးသိုင်းချောင်း မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မေလအတွင်း ရှေးဦးပြုစုခြင်းအခြေခံ(အခမဲ့)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ အဆိုပါသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ငါးသိုင်းချောင်းမြို့လူထု အခြေပြုဗဟိုဌာန၌ ယမန် နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တာဝန်ရှိသူများ၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club, Youth Club Women Club)အသင်းဝင်များ က သင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်လုပ်ငန်းအစည်းအဝေးကျင်းပ ဆွေးနွေးခဲ့ပြီး အဆိုပါ သင်တန်းကို ငါးသိုင်းချောင်းမြို့ပေါ်နှင့်ရပ်ကွက်၊ ကျေးရွာများရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ(၃၀)ဦးကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်း သား၊ ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အခြေခံရှေးဦးပြုစုနည်းများကို သင်ကြားတတ်မြောက်၍ မိမိနှင့် မိမိပတ်ဝန်းကျင်တွင် အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်ရန် လိုအပ်လာပါက စနစ်တကျ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်နှင့် အများအကျိုးကို ဆောင်ရွက်တတ်သောအလေ့အထများ ရရှိလာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ပေးသွားရန် ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)