ငါးသိုင်းချောင်း စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း (Mask) နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများကို (Mask)နှာခေါင်းစည်း (၃)ခုလျှင် ငွေ(၃၀၀၀) ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" အစီအစဉ်ကို မြို့တွင်း၊ မြို့ပြင် နေရာအနှံ့အပြား၌ ဩဂုတ်လ ၃၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိဌာနနှင့် အဖွဲ့အစည်းများက ထုတ်ပြန်ထားသော ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်၊ ကျန်းမာရေးဆိုင်ရာ သတိပေးတားမြစ်ချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး ခြင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း (Mask)နှာခေါင်းစည်း မတပ်ဆင်သူများကို ယခုဝယ်၊ ယခုတပ် စနစ်ဆောင်ရွက်ခြင်းကို ဩဂုတ်လ(၃၁)ရက်မှ ယနေ့အထိ ငါးသိုင်းချောင်းမြို့အဝင် ကြိုဆိုပါ၏လမ်းဆုံ၊ မြို့တွင်းရှိ ဗိုလ်ချုပ်လမ်းနှင့် ရွှေတောင်လမ်းဆုံ၊ ငဝန်မြစ် ရေယာဉ်ဆိပ်ကမ်း၊ စည်ပင်သာယာမြို့မဈေး အစရှိသည့် အများပြည်သူ ဆက်သွယ်သွားလာရာ နေရာများတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းအတွက် နေရာကန့်သတ် စောင့်ကြည့်ရေးစင်တာ တစ်ခုကို မြို့နယ်နှင့်မြို့ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလုထု ပူး ပေါင်း၍ ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းရှိ အားကစားခန်းမတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)