မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းများစိုက်ပျိုးပြီး ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရသဖြင့် အဆင်ပြေ

မင်းဘူး  စက်တင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းပင်များ စိုက်ပျိုးထားကြရာ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း ရွာသာကျေးရွာရှိ ပြောင်းစိုက်ပျိုးထားသော တောင်သူများထံမှ သိရသည်။

ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်။ နွေနှင့်ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ် ရေလုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျှော့ကျ သွားနိုင်သောကြောင့်ဖြစ်သည်။

ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ရင့်စပြုပြီး ရက်ပေါင်း ၆၀ အတွင်းခုတ်၍ ရောင်းချနိုင်သည်။ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် ၁၅၀၊ လက်ကားဈေး တစ်ဖူးလျှင်ကျပ် ၁၁၅/၁၂၀ ပေါက်နေသည်။ ပြေင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားသောကြောင့် အောင်မြင်သဖြင့် ထွက်နှုန်းကောင်းသည့်အပြင် ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရသဖြင့် တွက်ချေကိုက်ပြီး မိသားစုများ အဆင်ပြေလျက်ရှိကြောင်း ရွာသာကျေးရွာမှ ဖူးစားပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းက ပြောသည်။

ဇေယျာထက် (မင်းဘူး)