ဘားအံ ဧပြီ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရှေ့ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဘားအံ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်း (၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး၊ ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ကြက်ခြေနီနောက်ခံသမိုင်းကြောင်းကို သိရှိစေရန်နှင့် ကြက်ခြေနီစိတ်ဓာတ်များရှိလာပြီး လူမှုဂရုဏာ လုပ်ငန်းများတွင် ပါဝင်ကူညီလာစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်က မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ရည်ရွယ်ချက်နှင့် အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်(၃)ရပ်နှင့် သင်ကြားမည့် ဘာသာရပ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းတွင် ရှေးဦးပြုစုခြင်းသဘောတရားနှင့် ရှေးဦးပြုစုသူများ၏ တာဝန်ဝတ္တရားများ၊ လူနာဆန်းစစ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ အရိုးအဆစ်နှင့် ကြွက်သား များ ထိခိုက်ဒဏ်ရာရခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်းနှင့် မြွေကိုက်ခြင်း လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းစသည့် အခြေခံပြုစုနည်းများကို ဧပြီလ ၃၀ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို ကမော့ကစင် ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )