ဇီးကုန်း စက်တင်ဘာ ၃
နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက် ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘုရား ပျို ကျေးရွာအုပ်စု၊ ကျွဲကွင်း ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း မြေသားသောက်သုံးရေကန် ပြုပြင်ခြင်းနှင့် ရေကန် ပတ်လည် ခြံစည်းရိုးကာရံခြင်း၊ ရေနှုတ်မြောင်းဂုံးတည်ဆောက်ခြင်း၊ လူသွားလမ်း မြေနီခင်းခြင်းလုပ်ငန်းများ ကို ယမန်နေ့ မွန်းလွဲ က ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် Cash For Work စီမံကိန်း တာဝန်ခံ ဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်အားခပေးချေမှုတို့အား ကြည့်ရှုခဲ့ပြီး မိုးရာသီ ကာလအတွင်း လုပ်ငန်းခွဲ အဆင်ပြေ အောင်မြင်စွာ အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းရှေ့လက် လုပ်ဆောင်မည့် အစီအစဉ်များကို ကျေးရွာ ကော်မတီ ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
Cash For Work စီမံကိန်းသည် ကျေးရွာများ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ကျေးလက်ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် ဇီးကုန်းမြို့နယ်တွင် ကံကြီး၊ ရွှေဖလား၊ ကျွဲကွင်း၊ နဂျီချောင်း၊ ပေါက်ကုန်း၊ ဘဲအင်း၊ သစ်ဖြူပင်စသည့်ကျေးရွာ (၇)ရွာတို့ တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေးကာ ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ (ပြန်/ဆက်)