ဘိုကလေး စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း တပ်ဆင်တပ်ဆင် သွားလာစေရေး အသိပညာပေး လုပ်ငန်းများနှင့်အတူ တပ်ဆင်သွားလာခြင်း မရှိသူများ ကိုလည်း ယခုဝယ် ယခုတပ် အစီအစဉ်အား ယနေ့နံနက် ၉ နာရီတွင် ဘိုကလေးမြို့မ ဈေးကြီးအနီးတွင် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အစီအစဉ်အား ဩဂုတ်(၃၀)ရက်နေ့တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး နှာခေါင်းစည်း တပ်ဆင် သွားလာခြင်း မရှိသူများအား ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် တစ်ရက်လျှင် လူဉီးရေ (၃၀)ခန့် ဆောင်ရွက် ခဲ့ကြကြောင်း၊ ဘိုကလေး မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းသိမ်းကာကွယ် နိုင်ရေးအတွက် အဆိုပါ ယခုဝယ်၊ ယခုတပ် အစီအစဉ်အပါအဝင် မြို့ဝင်/ထွက် ဂိတ်များတွင်လည်း ကျန်းမာရေး စစ်ဆေးမှုများနှင့် ခရီးသွားထောက်ခံစာများ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှလည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးပို့ညွှန်ကြား ထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)