တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

တန့်ဆည်   စက်တင်ဘာ    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်ပတ်သက်၍ စားသောက်ဆိုင်နှင့်လ္ဘက်ရည်ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောစည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိကို မြို့နယ်တာဝန်ရှိသူများကပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ဆိုင်ထိုင်ရောင်းချလိုသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် စားပွဲဝိုင်း များတွင် အကာအရံများထားရှိရေး၊ လက်ဆေးဘေစင်များ၊ Hand Gel များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Maskများ Face Shield များတပ်ဆင်ပြီးမှ ရောင်းချစေရေး၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးသတိပေးပိုစတာများ၊ ဆိုင်းဘုတ်များ အား ကပ်ထားမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်တွင်ရောင်းချလျှက်ရှိသည့် စားသောက်ဆိုင်များ နှင့် လ္ဘက်ရည်ဆိုင်များအား ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ငြိမ်းမင်းထွန်း (တန့်ဆည်)