ကျောက်တံခါးမြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ပြုလုပ်

ကျောက်တံခါး ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအား ယနေ့နံနက်(၉)နာရီအချိန်၌ အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဆန်းလွင်နှင့် မြို့နယ်ပညာရေးမှူး ဒေါက်တာဒေါ်ဇင်သက်ဦးတို့က သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ ပြောကြားကြသည်။

ဆက်လက်၍ သင်တန်းနည်းပြများနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုကတ်နှင့် ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ရှေးဦးပြုစုနည်းသင်တန်းကို ဧပြီလ (၂၅)ရက်နေ့မှ (၂၈)နေ့ထိ ဖွင့်လှစ်ပို့ချပြီး သင်တန်းသား သင်တန်းသူ (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စန်းစန်း