ကလိန်အောင် ဧပြီ ၂၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ပေါ် ရပ်ကွက်များရှိ လူနေအိမ်နှင့် ဈေးဆိုင်များတွင် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲရာတွင် မပေါ့ဆကြရန်နှင့် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်း ချက်များကိုလိုက်နာ ဆောင်ရွက်ထားရှိကြရန် မိမိတို့နေအိမ်များ၊ စက်သုံးဆီဆိုင်များ၊ မီးဘေး ကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း အသိပညာပေး ပြောကြားပြီး တစ်အိမ်တက်ဆင်း လိုက်လံ၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)