မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက် တင် မင်္ဂလာအခမ်းအနား ကျင်းပ

မင်းဘူး စက်တင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား တာဝါနှင့် ဓါတ်လှေခါးစင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီ အချိန်က ဓါတ်လှေကားတည်ဆောက်မည့် နှစ်ကျိပ်ရှစ်ဆူဘုရား အောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေစက်တော်ဘုရား ဩဝါဒစရိယ ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်မှတ် ထားသော နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပန္နက်တိုင်းအား ၉ ချက်ရိုက်သွင်းပြီး အမွှေး နံ့သာ ရည် ပက်ဖျန်းပေးခဲ့ကြသည်။

ဓါတ်လှေကားတည်ဆောက်ရေးလုပ်များကို “ရွှေစက်တော်ဘုရားကြီးရန်ပုံငွေမှ  ကျပ်သိန်းပေါင်း တစ် သောင်းရှစ်ထောင်ခန့်အသုံးပြု၍ အပိုင်းနှစ်ပိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပထမ အပိုင်းအနေဖြင့် လျှောက်လမ်းအကျယ် ၂၈၈ ပေ၊ ဓါတ်လှေကားအမြင့် ၁၁၄ ပေရှိ ဓါတ်လှေကား အိမ်နှင့် လျှောက်လမ်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် ရင်ပြင်တော် နှင့် ကားပါကင်လုပ်ငန်းကို တည်ဆောက်သွားမည်ဖြစ်ပြီး  စီမံကိန်းကာလကို ရှစ်လအတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း”  တင်ဒါအောင်မြင်ခဲ့သော ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ ဓါတ်လှေကားနှင့် ရင်ပြင်တော်တည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးမင်းအောင်က ပြောသည်။

အဆိုပါ ဓါတ်လှေကားတည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးလာရောက် ကြ သော ရဟန်းရှင်လူ မိဘပြည်သူများ၊ သက်ကြီး/သက်ငယ်မရွေး လွယ်လင့်တကူ စိတ်ချမ်းသာ စွာဖြင့် တက်ရောက် ဖူးမျှော်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား အောင်မြေရင်ပြင်တော်မှ ကိုးခန်းကြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် တန်ဆောင်းရင်ပြင်သို့ ဓါတ်လှေကားနှစ်စင်းဖြင့် တက် ရောက်နိုင် မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင် အောက်စက်တော်ရာဘုရား တာဝန်ခံ ဦးသိန်းလှိုင် ကပြောသည်။

ပန္နက်တင်မင်္ဂလာအခန်းအနားအပြီးတွင် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်ဗိမ္မာန်တော် ကြီး အတွင်း ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ ရှိကြောင်းသိရသည်။

မောင်မောင်(မင်းဘူး)