မြောင်းမြ ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အများပြည်သူများ ဗဟုသုတပိုမိုတိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များ သိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ထမ်းများက လျှပ်စစ်ဓာတ်အား ပြုန်းတီးမှုလျှော့ချရေးနှင့် ဓာတ်အားချွေတာရေး တို့အတွက် ဓာတ်အားသုံးစွဲမှုနည်းသည့် LED မီးသီးမီးချောင်းများကို အစားထိုးသုံးစွဲရန်၊ လမ်းမီး၊ ခြံဝင်းမီး၊ ဂိုဒေါင်မီးစသည်တို့ကို အလင်းရောင်လာချိန်တွင် မပျက်မကွက်ပိတ်ရန် အစရှိသဖြင့် မိမိတို့ နေ့စဉ်ပေါ့ဆလေ့ရှိသည့် ဓာတ်အားပြုန်းတီးသည့် အလေ့အထများကို ပြုပြင်ရန်၊ လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝမရရှိနိုင်သေးခြင်းကြောင့် အဆင်ပြေ ချောမွေ့အောင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သား သိရှိနိုင်စေရေးအတွက် Online လိုင်းမှ တစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက် ရှိကြောင်း သိရသည်။
ခင်ရူပါအေး