ဗန်းမောက်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများအား အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဗန်းမောက် စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့အတွင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယနေ့ နေ့လည် (၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ မြနန္ဒာရပ်ကွက်၊ လွှစင်ကုန်းရပ်ကွက်နှင့် အောင်သာကုန်းရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ များအား မဲပေးပိုင်းခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ မြို့ပေါ်ရပ်ကွက် (၄) ကွက်အပြင် ကျေးရွာအုပ်စု (၄၇) အုပ်စုရှိ ကျေးရွာများသို့ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သွားရောက်၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများရှိ မဲဆန္ဒရှင်စာရင်းများကျန်ရှိမှု မရှိ စေရေး၊ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ရွေ့ပြောင်းလုပ်သားများ၏ မဲဆန္ဒရှင်စာရင်းများ ကျန်လပ်မှု မရှိစေရေးအတွက် တစ်အိမ်တက်ဆင်း အရောက်သွားပြီး စစ်‌ဆေးခြင်းနှင့် မဲစာရင်းပါအချက် အလက်များ မှန်ကန်ပြည့် စုံမှုရှိ/မရှိ  တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဗန်းမောက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းစုစုပေါင်း (၆၉၆၈၇) ကျော်ရှိပြီး အဆိုပါမဲစာရင်းများကို  သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမ အကြိမ် မဲဆန္ဒစာရင်းများကို ကပ်ထားကြေညာခဲ့ရာ  ကြေညာ ချက်အရ  မဲဆန္ဒရှင်စာရင်းတွင် အမည် မပါဝင်၍ ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၃၆၅) ဦး၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေ၍  ပုံစံ(၄) ဖြင့် ကန့်ကွက်လွှာလျှောက်ထားသူ  (၄၇၂) ဦး၊ ကိုယ်ရေးအချက် အလက်များ မှားယွင်း၍ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ လျှောက်ထားမှုများ အား  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အချက်အလက်များအား  အချိန်နှင့် တစ်ပြေး ညီ  ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မေသူ (ဗန်းမောက်)