ကရင်ပြည်နယ်  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)သို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဆွေးနွေး

ဘားအံ ဧပြီ ၂၇

ပြည်နယ်၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီတွင် ရေရှားပါးသည့်ပြဿနာနှင့် သောက်သုံးရေရှားပါးသည့်ပြဿနာများ ရှိလာနိုင်သဖြင့် ကူညီ ထောက်ပံ့ပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ သက်ဆိုင်ရာမြို့နယ် အလိုက် ရေရှားပါးသည့်ဒေသများတွင် ရေတွင်း၊ရေကန်များ အမြန်ဆုံးတူးဖော်ဆောင်ရွက်ပေးနိုင်ရေး သဘာဝဘေးရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရန် လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊  ပြည်နယ် အတွင်းသီးနှံစိုက်ပျိုးထားသည့် စိုက်ဧကအမှန်စာရင်းကို ကောက်ယူနိုင်ရေး သက်ဆိုင်ရာဌာန များမှ အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ အသားနှင့်ငါးကို စနစ်တကျမွေးမြူ၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ နားလည်မှုစာချွန်လွှာ MOU စာချုပ်သက်တမ်းကုန်ဆုံးနေသော (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော NGO ၊ INGO အဖွဲ့အစည်းများအား စိစစ်ဆောင်ရွက်ဖို့လိုကြောင်း၊ မကြာခင်ကာလတွင် တက္ကသိုလ်/ကောလိပ် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းသူ/ ကျောင်းသားများအားလုံး အဆင်ပြေချောမွေ့စွာ ကျောင်းပြန်တက်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထား ကြစေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ကြစေလိုပြီး အခြေခံ ပညာကျောင်းများလည်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ ပြန်လည်ဖွဲ့စည်း၍ ရပ်ကွက်/ကျေးရွာများရှိ ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းပြန်တက် နိုင်ရေး စည်းရုံးလှုံ့ဆော်မှုများကို ကြိုတင်ဆောင်ရွက်ကြစေလိုကြောင်း၊ နွေရာသီ ကွန်ပျူတာသင် တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊  စက်ချုပ်သင်တန်းကဲ့သို့သော ကာလတိုသင်တန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်း၍ ဖွင့်လှစ်ပေးကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင် အပတ်(၄/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)