ပလောက် ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ချယ်ရီပန်းများ စိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် တောင်ကြီးမြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးရတာဖြစ်ပြီး တစ်ပင်လျှင် ၁၃ ကျပ်၊ ၁၄ ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ပင်နှင့် တစ်ပင် ၃ လက်မ ကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီး အပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြု၍ အတန်းလိုက်စိုက်ပျိုးရပါတယ်၊ ပျိုးပင်များစိုက်ပျိုးပြီးရင် ရေကိုတော့ နေ့တိုင်းလောင်းပေးရပါတယ်၊ ရေကိုစက်မောင်းပြီးပိုက်လုံးဖြင့် ပန်းခင်းထဲကို ရေသွင်းလောင်းရပါတယ်၊ ဂန္ဓာမာပန်း စိုက်ပျိုးထားတာကတော့ ပျိုးပင် (၁၀၀၀၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ ပန်းရောင်း တာကတော့ (၁၀) ကိုင်းစီးတစ်စီးကို (၁၅၀၀)ကျပ်ရောင်းရပါတယ်၊ ဂန္ဓာမာပန်းကြိုက်သူများကတော့ ပန်းခင်းထဲအထိလာ ရောက်ဝယ်ယူလျက်ရှိပါတယ်၊ နပလောက်မြို့ ဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက် ရောင်းပါတယ်၊ ပန်းများလှိုင်လှိုင် ပွင့်သည့်ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ ( ၃၀၀၀၀ ) ကျပ် ကနေ (၅၀၀၀၀) ကျပ်ထိ ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ်” အမှတ်(၁)ရပ်ကွက်နေ ဂန္ဓာမာပန်း စိုက်ပျိုးရောင်းချသူ ဦးနိုင်အောင်လင်းက ပြောကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)