ချောက် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေး နေကြာမျိုးစေ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းမှ ချောက်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နေကြာသီးနှံစိုက်ပျိုးနည်းပညာများ၊ မျိုးစေ့ထုတ်လုပ်ငန်း လိုက်နာရမည့် နည်းပညာ များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ မြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးမှူးဒေါ်အေးမြင့်မြတ်သင်း၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးအောင်ကိုကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ချောက်မြို့နယ်ရှိ ရသစ်၊ ပခန်းငယ်၊ ဇောင်းတောကန်၊ စလင်းတောင်၊ စွယ်ပေါက္ကံ၊ဂွေးပင်၊ သံဘို၊ မကျီးကန်၊ ကြောင်ယာတော၊ ဆားလယ် အုပ်စုများရှိ တောင်သူများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများကို နေကြာမျိုးစေ့များ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ နေကြာမျိုးစေ့မှာ ဆင်းရွှေကြာ(၂)အမျိုးအစားဖြစ်ပြီး သီးညှပ်စိုက်ပျိုးမှုတွင် တစ်ဧက ၁ ပြည် နှုန်း၊ သီးသန့် စိုက်ပျိုးမှုတွင် တစ်ဧက ၄ ပြည် နှုန်းဖြင့် နေကြာမျိုးစေ့ ၅၉၀ ပြည် အခမဲ့ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး သီးညှပ်စိုက်ပျိုးမှု ၅၂၆ ဧက၊ သီးသန့်စိုက်ပျိုးမှု ၂၂ ဧက၊ စုစုပေါင်း ၅၄၈ ဧက၊တောင်သူပေါင်း ၅၅၆ ဦးရှိ၍ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးသီးနှံ နေကြာမျိုးစေ့များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)