ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေတိုးပွားစေရေး (CERP)အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် သိုး ၊ ဆိတ်မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး က သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့် သိုး ၊ ဆိတ်မွေးမြူရေး ဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်မွေးမြူရေး လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆင့် က သင်တန်းများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွား စေရေးအတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ရာ သင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဂရု တစ်စိုက် လေ့လာသင်ယူသွားရန် ဆွေးနွေးပြောကြားသည်။
အဆိုပါ ကျွဲနွားမွေးမြူရေးသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၆)ရွာမှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းတွင် သိုးနှင့် ဆိတ် မျိုးကောင်းမျိုးသန့်အကြောင်း သိကောင်းစရာများ ၊ ဆိတ်မွေးမြူရေး နည်းစနစ်များနှင့် မွေးမြူရာတွင် လိုက်နာရမည့်အချက်များ ၊ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်းနှင့် သားစပ်ခြင်း ဆိုင်ရာနည်းလမ်းများ ၊ စားကျက်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းနည်းစနစ်များ ၊ သိုး ၊ ဆိတ်များတွင် ဖြစ်ပွားတတ်သော ရောဂါ လက္ခဏာများနှင့် ကြိုတင် ကာကွယ် ရမည့်နည်းလမ်းများကို စက်တင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )