မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

အထက်မင်းလှ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လယ်ယာမြေ ကဏ္ဍ အတွက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သားငါးကဏ္ဍအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောကဏ္ဍအတွက် မြို့နယ်သစ်တောဦးစီးဌာန၊ လျှပ်စစ်ကဏ္ဍအတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဆက်သွယ်ရေး ကဏ္ဍအတွက် မြို့နယ်ဆက်သွယ်‌ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကဏ္ဍအတွက် မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဌေးက မင်းလှမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(အထက်မင်းလှ)