ဘားအံ ဧပြီ ၂၇
ကရင်ပြည်နယ် ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် ပြည်နယ်အဆင့် တာဝန်ခံများအနေဖြင့် မိမိပြည်နယ်အတွင်းရှိ ခရိုင် ၊ မြို့နယ်များရှိ ဝန်ထမ်းများနှင့် မကြာခဏ တွေ့ဆုံဖို့ လိုအပ်ကြောင်း၊ အခက်အခဲများရှိပါကဖြေရှင်းပေးရန် လိုအပ်ကြောင်း ၊ မိမိဝန်ထမ်းများနှင့် ညီအကို မောင်နှမသဖွယ် ဆက်ဆံရေး လိုအပ် ကြောင်း၊ သန္ဓေကောင်းသည့်ဝန်ထမ်းများ ဖြစ်ရန်အတွက် လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ မိခင် ဌာနကို သစ္စာရှိဖို့ လိုအပ်သလို ၊ မိမိတို့ပြည်နယ်ကိုလည်း ချစ်ခင်သစ္စာရှိရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်ပေးသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်သလို ပြည်နယ်အစိုးရ၏ တာဝန်ပေးသည့် လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက်ပေးရမည့် အပိုင်းကိုလည်း ဆွေးနွေးပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက တင်ပြရာတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာစိုးက မူကြိုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်မည့်အခြေ အနေများကိုလည်းကောင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံသားများ၏ ကိုယ်ကာယကြံခိုင်မှု အညွှန်းကိန်းစစ်တမ်းကောက် ယူရေး အခြေအနေများကိုလည်းကောင်း ၊ ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုအတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်သာသနာရေးဦးစီးဌာနမှ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်မည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ ဖွင့်လှစ် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးမှ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာန လက်အောက်ရှိဌာန (၁၁) ခု ပြည်နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)