ကန့်ဘလူ ဧပြီ ၂၇
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေး ဦးစီးသူနာပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးက ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွာ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့စုမှူး ဦးကိုလေးက ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် သင်တန်းတွင်သင်ကြားပေးမည့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်ကြာ ခရိုင်ကြက်ခြေနီ အသင်းတပ်ဖွဲ့စုမှူး ဦးလှထွန်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့စုမှူး ဦးကိုလေးနှင့်တပ်ဖွဲ့ဝင်များက စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရှေးဦးသူနာပြုစုခြင်းကို စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ဝင် စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)