တောင်ငူ ဧပြီ ၂၇
တောင်ငူ၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက ပဲချက်ကုန်းကျေးရွာရှိ ဒေသခံ တောင်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆွေးနွေးပွဲပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်က တောင်သူအကျိုးပြု ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများ အနေဖြင့် လိုအပ်သည်များ တင်ပြစေကာ သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ကျေးရွာအရောက်ကွင်းဆင်းကာ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် တင်ပြဆွေးနွေးရန် ပြောကြားပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသီးသီး မိတ်ဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် တက်ရောက်ကြသည့် ပဲချက်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများက စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် အခက်အခဲများအား တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျေးရွာ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)