ထီးလင်း စက်တင်ဘာ ၃
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ပေးခဲ့ သော မြစိမ်း ရောင်စီမံကိန်း(ပဥ္စမ)နှစ်အတွက် မြစိမ်းရောင် ချေးငွေများကို ယမန်နေ့ နံနက် ၁၁ နာရီတွင် အကြည်ဘန်း ကျေးရွာနှင့်ဘူးတောင်းကျေးရွာတို့တွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က တောင်သူ များအနေဖြင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်ရန်ပုံငွေသုံးစွဲမှုနှင့်စပ်လျဉ်း၍လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါမြစိမ်းရောင်ချေးငွေထုတ်ချေးပေးသည့် အကြည်ဘန်းကျေးရွာတွင် အိမ်ခြေ (၁၇၀)နှင့် လူဦးရေ (၈၉၆)ဦးရှိပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၁၁၂ ဦးတို့က မြစိမ်းရောင်ချေးငွေ ကျပ် ၄၉၄ သိန်းကို လည်းကောင်း၊ ဘူးတောင်းကျေးရွာတွင် အိမ်ခြေ(၂၂၀)နှင့် လူဦး ရေ(၁၀၁၂)ဦးရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၁၃၆ ဦး တို့က မြစိမ်းရောင်ချေးငွေ ကျပ် ၄၉၈ သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
နန်းလွင်မာကြိုင်(ထီးလင်း ပြန်/ဆက်)