ဖြူးမြို့နယ် Community Centre တွင် အခြေခံ ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဖြူး ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်းဆင်းများ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန်ကာလတွင် ကျောင်းသား / ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွားစေရန် အတွက် ရည်ရွယ်ကာ နွေရာသီပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ် သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဦးစီးဌာန Community Centre ခန်းမတွင်  ကျင်းပ ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြဆရာ ပန်းချီပညာဝါသနာအိုးများ (Group) ဥက္ကဋ္ဌ ဦးကျော်ငြိမ်း (စိတ်မီးအိမ်)က သင်တန်းသား / သင်တန်းသူများအား ပန်းချီပညာရပ်နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဖြူးမြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဆရာကျော်ဆွေဝင်းက သင်တန်းတက်ရောက်သည့် အကျိုးကျေးဇူးရှိပုံကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းထူးချွန်ဆုများ ချီးမြှင့်ရာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း က ပထမဆုရ မောင်ဉာဏ်လင်းဖြိုးအားလည်းကောင်း၊ ဖြူးမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ ဆရာကျော်ဆွေဝင်းက ဒုတိယဆုရ မောင်အာကာဖြိုးအား လည်းကောင်း၊ တတိဆုရ မောင်ရဲရင့်ထက်နှင့် နှစ်သိမ့်ဆုရ မရီရီချိုတို့အား သင်တန်းနည်းပြဆရာ ဦးကျော်ငြိမ်း (စိတ်မီးအိမ်)ကလည်းကောင်း ဆုတံဆိပ်များချီးမြှင့်ပေးပြီး  သင်တန်းသား / သင်တန်းသူ တစ်ဦးစီတိုင်းအား  သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်မူလတန်း / အလယ်တန်းအဆင့် ကျောင်းသား / ကျောင်းသူ (၃၀)ဦး တက်ရောက်ပြီး ဧပြီလ (၂) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)