ဝေါ ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ကာကွယ်ဆေးထိုး အထောက်အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများစိစစ်၍ ဆေးထိုးရန် ကျန်ရှိနေ သူများကို ဈေးစည်ပင်သာယာရေးရုံး၌ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီး စီးရေးအတွက် ဆေးထိုးအဖွဲ့ (၂၀) ဖြင့် ကျေးရွာများအရောက် တစ်အိမ်တက်ဆင်းသွားရောက်ကာ ဆေးထိုးမှတ်တမ်းကတ်ပြားများစိစစ်ပြီး ဆေးထိုးရန်ကျန်ရှိနေသူများကို စည်းရုံးထိုးနှံပေးခြင်း၊ နေ့ခင်းဘက်တွင် လယ်ယာလုပ်ငန်း ခွင်ဝင်ရောက်နေသူများအတွက် ညနေ (၅) နာရီမှ ည (၈) နာရီထိ စောင့်၍ အိမ်တိုင်ရာရောက် သွားရောက်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သူများကို မြို့ဝင်မြို့ထွက်ဂိတ်များတွင် ရှောင်တခင် ဆေးထိုးမှတ်တမ်း ကတ်ပြားများစိစစ်၍ ဆေးထိုးနှံပေးခြင်း၊ အသက် (၁၅) နှစ်မှ (၁၈) နှစ်အထက် သာသနာ့ဝန်ထမ်း သံဃာတော် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင် သီလရှင်များကိုလည်း ကျောင်းတိုက်များအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)