တောင်ငူ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

တောင်ငူ ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield)၊ (Sinopharm) ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းအဖွဲ့ များက ဆေးထိုးစုရပ် ၂ အုပ်စုနှင့် ကျေးရွာများအရောက်ကွင်းဆင်းကာ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းတွင် အကျုံးဝင်သည့် ပြည်သူများအား ၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ ထိုးနှံပေးမည်ဖြစ်ရာ၊ ရာနှုန်းပြည့်ထိုးနှံရေးစီမံချက်တွင် ကျေးရွာများရှိ ပြည်သူများ မကျန်ရှိစေရေးအတွက် ယနေ့တွင် အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်း၊ ဂယ်ခိုဂယ် ဘားခရစ်ယာန်ကျောင်းနှင့် ဒိုးသောင်၊ ချောင်းဖြူ၊ ကမ်းနီကျေးရွာတို့မှ စုစုပေါင်း ၂၃၅ ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှဦးဆောင်၍ သက်ဆိုင်ရာနယ်မြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ကြသည်။

တောင်ငူ၌ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို တောင်ငူမြို့နယ်ရှိ ရပ်ကွက် (၂၃) ခု၊ ကျေးရွာအုပ်စု(၃၇)အုပ်စုနှင့် ကေတုမတီမြို့ရှိ ရပ်ကွက် (၄)ခုတို့တွင် ဒေသခံပြည်သူ ၁၃၈၄၅၅ ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ၉၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ ယခုလကုန်အထိ စီမံချက်ကာလအတွင်း ရာနှုန်းပြည့်မှီအောင် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ရာ မြို့ပေါ်ရှိ အမှတ်(၅)ရပ်ကွက် ကေလဇာတီဘုရားဝန်း၌ စုရပ်အဖြစ်သတ်မှတ်ပြီး ကျန်ရှိသူများ လာရောက်ထိုးနှံနိုင်ရေးအတွက် အသိပေးဗီနိုင်းများ ချိတ်ဆွဲထားရှိကာ နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် ပြန်/ဆက်