ထီးလင်း စက်တင်ဘာ ၂
ကိုရိုနာဗိုင်းရပ်စ်(COViD-19)ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ပေါ့ဆမှု မရှိစေရေးအတွက် ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ)ဈေး၌ (COVID-19)ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း(Mask)များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ပြုလုပ်ဆောင်ရွက်ရာတွင် ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခင်ဇာလင်းနှင့်သူနာပြုတပ်ဖွဲ့ဝင်(၇)ဦး တို့က ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ)ဈေး၌ ဈေးရောင်း ဈေးဝယ် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကာကွယ်ရေး အတွက် မိမိတို့နေအိမ်မှ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စနစ်တကျ မကြာခဏ ဆေးကြောရေး စသည့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း နှင့် ပြည်သူများအား နှာခေါင်းစည်း (Mask)၊ (၁၃၀)ခု တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)