ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဧရာမင်းစပါးမျိုးစေ့များ ဖြန့်ဖြူးရောင်းချပေး

ခါမ်းပါတ်  ဧပြီ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဒေသခံတောင်သူလယ်သမားအတွက် ဧရာမင်းစပါး မျိုးစေ့များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒေသတွင်းက အကျိုးဆောင်တောင်သူ မျိုးစေ့ထုတ်ကွက်တွေကနေ ရရှိလာတဲ့  မျိုးစေ့နမူနာတွေကို  အထက်မြန်မာပြည်မျိုးစေ့ဌာန( မန္တလေး )ကို မျိုးစေ့နမူနာပေးပို့ပြီးတော့မှ သည်မျိုးစေ့တွေဟာ အရည်အသွေးမှီတယ်၊ ဖြန့်ဖြူး ရောင်းချပေးလို့ရတယ်ဆိုတဲ့ ထောက်ခံချက်ပေးတဲ့ မျိုးစေ့တွေကိုသာ ဖြန့်ဖြူးပေးတာဖြစ်ပါတယ်”ဟု ခါမ်းပါတ်မြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

လက်ရှိတွင်မူ ဧရာမင်းမျိုးစပါးတစ်အိတ်လျင် (၁၈၀၀၀ )ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် ဝယ်ယူမှု များရှိနေကြောင်းလည်း သိရသည်။

တောင်သူလယ်သမားများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး နှစ်စဉ်အကျိုးဆောင် တောင်သူ မျိုးစေ့ထုတ်ကွက်များကိုလည်း  ဒေသတွင်းလုံလောက်စွာ  စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဧရာမင်းစပါးသည် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ဈေးကွက်အတွင်း လူကြိုက်များလျက်ရှိကြောင်းလည်း သိရသည်။

ဝိဇ္ဇာမောင်