မြိတ်မြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ရွေ့ပြောင်းလုပ်သားများအား ကိုဗစ်-၁၉ ရောဂါပိုးမရှိ၍ နေရပ်အသီးသီးသို့ ပို့ဆောင်ပေး

မြိတ်   စက်တင်ဘာ   ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကွန်ပျူတာတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ရွေ့ပြောင်းလုပ် သား (၃၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုးမရှိ၍ စက်တင်ဘာလ(၂)ရက် နေ့လယ် (၃)နာရီက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ နေရပ်ပြန်များအား နေရပ်အသီးသီးသို့ မော်တော်ယာဉ်ဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါနေရပ်ပြန်များမှာ ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှ ကော့သောင်းမြို့သို့ ရောက်ရှိလာကြပြီး မြိတ်မြို့သို့ ဩဂုတ်လ(၂၄)ရက်၌ ရောက်ရှိလာကြရာ ကွန်ပျူတာတက္ကသိုလ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး နေရပ်ပြန်များအား ကိုဗစ်(၁၉)ရောဂါပိုးရှိမရှိကို ကျန်းမာရေးဝန်ထမ်းများမှ ဩဂုတ်လ(၂၈)ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ မော်လမြိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့  ပို့ဆောင်စစ်ဆေးခဲ့ရာ  ရောဂါပိုးမတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

နေရပ်ပြန်များကို ၄င်းတို့နေရပ်အား စိတ်အေးချမ်းသာစွာပြန်နိုင်ရေးအတွက် နေ့လယ်စာကျွေးမွေးပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ နေရပ်အသီးသီးသို့ပြန်ကြရာ၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေးနှင့် တာဝန်ရှိသူများက နုတ်ဆက်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)