တောင်တွင်းကြီး စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုများအား ယနေ့ နံနက်(၉)နာရီအချိန်က စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ကို မြို့နယ် တာဝန်ရှိသူများက ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းဆိုင်ထိုင် ရောင်းချလိုသော စားသောက်ဆိုင်များနှင့် ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် စားပွဲဝိုင်းများ အကြားတွင် အကာအရံများ ထားရှိရေး၊ အစားအသောက် များ ပိုးမွှားမဝင်ရောက်နိုင်အောင် ကာရံထားရှိရေး၊ လက်ဆေး ဘေစင်များ၊ Hand Gel များထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် Mask များ၊ Face Shield များ တပ်ဆင်ပြီးမှရောင်းချမှုရှိစေရေး ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးသတိပေးနှိုးဆော်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များအား ကပ်ထားမှုရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြရာ ဆိုင်ပေါင်း(၁၀)ဆိုင် စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး အဆိုပါ စစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးကျော်အောင်ဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆက်လက် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းခိုင်(ပြန်/ဆက်)