သာယာဝတီမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ

သာယာဝတီ ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်ပြိုလဲခြင်းနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက  အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူးဦးဇော်လွင်ဦး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ စခန်းနှင့် နယ်မြေမီးသတ်စခန်းများရှိ အရာရှိ(၃)ဦး၊ တပ်ဖွဲ့ဝင်အင်အား (၂၇)ဦးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်း၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား ပေါ်ပေါက်လာပါက မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရ သည်။

သန့်ဇော် (သာယာဝတီ)