ရွှေဘို စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဆူးတပ်ဆည်၊ နမောဆည်တို့ရေကြီးရေလျံမှုကြောင့် နမောကျေးရွာအုပ်စု၊ တဲကြီးကျေးရွာအတွင်း ရေဝင် နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၈ လုံးရေနစ်မြုပ်ခဲ့သဖြင့် ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဒေါ်ဝေဝေအောင်က ထောက်ပံ့ငွေ နှင့် ပစ္စည်းများ ပေးအပ်သည့် အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရေနစ်မြှုပ်ခဲ့သည့် အိမ်ထောင် စု ၈ စုအတွက် အိမ်ထောင်စုတစ်စုလျင် အိမ်ဆောက်ပစ္စည်းဖိုးကျပ်တစ်သိန်း နှုန်းဖြင့် ၈ လုံး အတွက် ၈၀၀၀၀၀ ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးနှင့် စားနပ်ရိက္ခာအတွက် လူတစ်ဦးလျင် ၂၁၀၀ နှုန်းဖြင့် ၃၃ဦးအတွက် ၆၉၃၀၀ ကျပ်စုစုပေါင်း ၈၆၉၃၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ကိုထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
စိုးသီဟ(ရွှေဘို)