တမူးခရိုင်၊ မြို့သစ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ၂၀၂၀ ပြည့်နှစ်၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို စက်တင်ဘာလ(၂)ရက်နေ့က  မြို့သစ်မြို့၊ တမူး-စေတီကားလမ်းမ၊ မြို့အဝင်နှင့် မြို့အထွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၁၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကြည်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့သစ်မြို့၊ နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များက ယာဉ်အသွားအလာများသည့် မြို့သစ်မြို့၊တမူး-စေတီကားလမ်းမကြီး၊ မြို့ဝင်မြို့ထွက်တို့တွင် ယာဉ်မောင်းသူများ၊ ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါ စီးနင်းသူများအား မော်တော်ယာဉ်များ သတ်မှတ်ထား‌သော စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ မောင်းနှင်ကြရန်၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်စီး ဦးထုတ်ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင် မောင်းနှင်ကြရန်၊ ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ကြရန်၊ ပါဝါအိတ်ဇောနှင့် ဆူညံ အိတ်ဇောများ တပ်ဆင်ပြီး မောင်းနှင်ခြင်းမပြုရန် စသည့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)