တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တမူး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်  ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့ဝင်များဖြစ်သည့် တမူး-ကလေး လမ်းမပေါ်ရှိ(၄)မိုင် စစ်ဆေးရေး ဂိတ်နှင့် တမူး-စေတီ-နန်းအောင်မော် လမ်းမပေါ်ရှိ ချောင်းနက်ကြီး စစ်ဆေးရေးဂိတ်တို့တွင် သြဂုတ်လ (၂၉)ရက်နေ့မှစတင်၍ ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် နေ့စဥ်သွားလာနေသော ခရီးသည်တင်ယာဉ်များ၊ ခရီးသွားပြည်သူများကို အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ ခရီးသွားပြည်သူများ၏ သွားရောက်မည့်ခရီးစဉ်များနှင့် ကိုယ်ရေးရာဇဝင် များကို မှတ်တမ်းယူခြင်း၊ နှာခေါင်းစည်း(mask)များတပ်ဆင်၍ သွားလာကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် အသိပညာပေးခြင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တမူးမြို့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဇွန်လ ပထမ ပတ်တွင်ရပ်နားထားခဲ့ရာမှ ယခုနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု တစ်နေ့တစ်ခြား များပြားလာမှုကြောင့် ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်၍ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)