ဘားအံ စက်တင်ဘာ ၂
ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကြယ်ပွင့်ပြထားသည့်မေးခွန်း (၆) ခုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄) ဦးမှ မေးမြန်းခဲ့ပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
ထို့နောက် ကရင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဒေသန္တရစီမံကိန်းဥပဒေကြမ်း၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ ရေးနှစ် ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်က ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ အဆိုပါ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ပြည်နယ်ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးစောစံလှညိုက ဖတ်ကြားရှင်းလင်းခဲ့ပြီး ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာကို ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ် ဦးစောစံလင်းကလည်ကောင်း၊ ကရင်ပြည်နယ်အတွင်းရှိ ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ပြည်နယ်စာရင်း စစ်ချုပ် ဦးစောလှထွန်းကလည်ကောင်း ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ အဆိုပါ အစီရင်ခံစာများနှင့်စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)