ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက တောအိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ​သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်​တွေ့ဆုံ​ဆွေး​နွေး​ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအ​နေဖြင့် မိမိ​ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည်များအား ပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြရန်နှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် အခြားကျေးရွာ(၁၀)ရွာတွင်လည်း အသိပညာပေး ဟောပြောသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသူက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆောင်ရွက်မှုများအကြောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ရွှေထွန်းက နွားမွေးမြူခြင်း၊ ဆိတ်မွေးမြူခြင်းလုပ်ငန်းကို တိုးချဲ့မွေးမြူလုပ်ကိုင်ကြရန်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးငြိမ်းချမ်းက လယ်ယာမြေ၏အဓိပ္ပာယ်၊ ပုံစံ(၇) လျှောက်ထားခြင်း၊ ပျက်စီး၊ ပျောက်ဆုံးခြင်း၊ မြေလွတ်မြေရိုင်းလျှောက်ထားနည်းနှင့် ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းချိုနှင့်အဖွဲ့က ‌နေကြာမျိုးစေ့ထုတ်လုပ်နည်း၊ သဘာဝမြေဩဇာပြုလုပ်နည်းများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စိုက်ပျိုးစရိတ်ချေးငွေများနှင့်ပတ်သက်၍ ဌာနအလိုက်အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေး​နွေးတင်ပြခဲ့​ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်