ဘားအံ ဧပြီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့ ထူးဂုဏ်ကျေးရွာ ထူးမြတ်သစ္စာ စာကြည့်တိုက်တွင် ကရင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် “သုတရတနာဆည်းပူး ဖွေရှာ စာဖတ်ပါ” အစီအစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး Book Review ရေးဖြေပြိုင်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး Book Review ရေးဖြေပြိုင်ပွဲနှင့် စာအုပ်လှူဒါန်းပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအကြောင်း အသိပညာပေးဟောပြောပြီးနောက် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက “ငပိန်းတွေငကောက်တွေမဖြစ်အောင် စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ Book Review ရေးဖြေပြိုင်ပွဲကို ကျင်းပရာ ထူးဂုဏ်ကျေးရွာမှ လူငယ်များက စာရေး ဆရာဟိန်းလတ်ရေးသားသည့် “တရုတ်သမ္မတရှီကျင့်ဖျင်”စာအုပ်မှ သုတများအား ရေးဖြေယှဉ် ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများအား ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ် စာကြည့် တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကရင် ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးမှ ထူးမြတ်သစ္စာစာကြည့်တိုက်အတွက် ငွေကျပ် ၆၀၀၀၀၀/-(ကျပ်ခြောက်သိန်းခန့်)တန်ဖိုးရှိ သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)