မင်းဘူး(စကု)မြို့နယ်၌ ရေဘေးသင့်ပြည်သူ(၁၁၀၁)ဦးတို့အတွက်  နိုင်ငံတော်မှ  ငွေကျပ် ၂၃  သိန်းကျော် ထောက်ပံ့ပေးအပ်

မင်းဘူး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့ခဲ့ကြသော ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မင်းဘူးမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၆-၈-၂၀၂၀ ရက်နေ့မှ ၃၀-၈-၂၀၂၀ ရက်နေ့ထိ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နှင့် ကျေးရွာ ၁၀ ရွာတို့တွင်  ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ခြေ ၃၂၅ လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရပါသည်။ အဆိုပါ ရေဘေးသင့်အိမ်ထောင်စု ၃၂၅ စု တို့မှ လူဦးရေ (၁၁၀၁)ဉီးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ စုစုပေါင်း ထောက်ပံ့ ငွေကျပ်(၂၃၁၂၁၀၀)ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)